ဘိတ်သူ/သားတွေရဲ့ ရင်တွင်းဖြစ်တွေ....

Wednesday, November 20, 2013

သစ္စာရှိသော ငယ်ချစ် ((( မောင်ဘုန်းပြည့်အောင် - မြိတ် )))

တို့မြိတ်ဒေသ
ထမင်းဝိုင်းတွင်       သူမပါလျှင်
ဘယ်မှာ               ပြီးပြည့်စုံမည်နည်း။

ထမင်းပွဲ၌
ကြက်၊အမဲ၊သားငါး   ဟင်းလျာများစွာ
ထွေပြားစုံလင်        စားစေချင်အောင်
ပြင်ဆင်ထားရှိ        ကောင်းမွန်ဘိလည်း
တိတိကျကျ           ဖွင့်ပြောရသော်
သူမပါလျှင်           မပြည့်စုံ။

ငယ်စဉ်တုန်းက     တို့ဘ၀၌
ထမင်းသာရှိ        ဟင်းမရှိနေ့များ
ကြုံရငြားလည်း     အနားမှာသူရှိ
အင်အားဖြည့်စွမ်းပေးခဲ့၏။

လုပ်သား လယ်သမား
ဆင်းရဲသားတို့       လုပ်အားခ၀င်ငွေ
သုံးစွဲငွေနှင့်မမျှ      ဖောင်းပွငွေကြေး
ထိန်းညှိရေးတွက်   တွေးဆစဉ်းစား
အဖြေကားမရ       အတွေးရပ်ပစ်
သူနှင့် နှစ်ပါးသွား   က,လိုက်ရ။

"သရက်ကင်း"   " ဖန်ခါး"
အသီးစားလျှင်   သူ့အားဘေးဆယ်
မျက်ကွယ်ပြု၍   မရနိုင်။

"မုန်လာချဉ်ဖတ်"  သင်ကြိုက်တတ်လျှင်
တွဲစပ်သူ့အား       စားရသည်။
"ဒညှင်းသီချဉ်ဖတ်"  သင်စားတတ်လျှင်
တွဲစပ်သူ့အား         စားရသည်။

သူ့ကိုမြွက်ဟ         ထုတ်ပြောရမူ
မြိတ်သူ/မြိတ်သား   ပြည်သူများ၏
အားထားငယ်ချစ်   "ငါးပိထောင်း"။            ။







Monday, November 18, 2013

နားလည်ပါပြီ အမေ ((( ရှင်သွေးငယ်-မြိတ် )))



အမေ . . .
အမေ့ရဲ့နို့ရည်တစ်စက်နှင့်
သားလူ့ဘ၀ လူအဖြစ်ကို ရခဲ့ပေမဲ့
အမေ့ရဲ့ရင်ခွင်အေးရိပ်မှာ
မှေးအိမ်မယ် ကြံရွယ်နေတုန်း
လွန်ဆန်ဟန့်တားလို့မရတဲ့
လောကသင်္ခါရတရားတွေက
မေနှင့်သားကို
တစ်နေရာ တစ်ဘ၀ဆီသို့
ထာဝရခွဲခွာသွားခဲ့ပြီ အမေ။

တောင်းပန်ကျေအေးလို့မရတဲ့
သားရဲ့အတိတ်ဘ၀ ၀ဋ်ကြွေးတွေက
ယခုဘ၀ ခဏလေးတောင်
အမေနှင့် သားကို
ဆုံစည်းခွင့် မပေးတော့ဘူး အမေ။

ဖြူစင်အေးမြလှတဲ့
အမေ့ရဲ့မေတ္တာတရားကို
ရင်ခွင်မဲ့သားဘ၀နှင့်
မျှော်လင့်စောင့်စားရင်း
နောင်သံသရာဘ၀အဆက်ဆက်
အမေနှင့်သားအတူ ဆံစည်းခွင့်ကို
သားတို့ယုံကြည်ကိုးကွယ်တဲ့
မြိတ်မြို့နယ် စန္ဒ၀တ်ရွာလယ်က
စန္ဒ၀တ်အနောက်ကျောင်း
ထုံးဖြူဖြူ စေတီဟောင်းလေးမှာ
ဦးခိုက်ကာ ဆုတောင်းရင်း
မခေါ်ဘဲလာ မနှင်ဘဲ သွားတတ်တဲ့
လောကဓမ္မတရားတွေကို
အသိဥာဏ်နှင့် ပံ့ပိုးနားလည်ကာ
သားမျက်ဝန်းက မျက်ရည်မိုးတွေကို
လူသားတိုင်း ကြုံမယ့်လောကဓံဆိုးတွေပဲလို့
နားလည်ရင်း ဖြေသိမ့်ပြီး
ကျွန်တော် မငိုတော့ဘူး
နားလည်ပါပြီ အမေ . . . . . . ။          ။

**********************************
(((((( ၂၀၁၃ ခုနှစ်ထုတ်၊ အမှတ် (၃၂) မြိတ်မဂ္ဂဇင်း မှ ကူးယူဖေါ်ပြသည်။ )))))

Sunday, November 17, 2013

အဆုံးသတ်မဲ့ ((( ဇင်ကဗျာ )))



လောကဓံကြီးမှာ
နေ့ပြီးရင်                 ညရောက်တယ် ။
လမင်းက ပြည့်ပြီးရင်   ကွယ်ရတယ် ။
နေမင်းကြီးက အရှေ့ကလာလို့     အနောက်ရောက်ရတယ် ။
စပြီးရင်   ဆုံးရတဲ့
လောကဓံကြီးမှာ
အသစ်တွေဟာလည်း    ဟောင်းရသေးတာပဲ့။
ဒါဆို
အချစ်တွေကရော . . . . . . . .???

မောင်
ကျွန်မကို
Valentine Day မှာ
နိဂုံးမရှိတဲ့        အချစ်တွေကိုပဲ့ပေးပါနော် ။        ။

************************
2014 ဖေဖေါ်ဝါရီ (14)  Valentine Day မှာ ချစ်တဲ့သူတိုင်း အဆုံးမရှိတဲ့အချစ်တွေ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း Beautiful Words of Myeik  မှ
ဆုမွန်ကောင်းများတောင်းပေးလိုက်ပါတယ်--------

Wednesday, November 13, 2013

အမြင့်ပျံငှက် ((( နှိုင်းဇေယျာ - မြိတ် )))


ဘ၀တိမ်တိုက်                မိုးကောင်းကင်ထက်
ပျံသန်းငှက်ငယ်တစ်ကောင်
တောင်ပံတွေခတ်           သူပျံသန်းနေတယ်. . . . . ။

တိမ်စိုင်မည်းမည်း            ဖုံးအုပ်ထားလို့
ရှေ့လမ်းဘယ်ဝယ်          သူမမြင်ဘဲ
တစ်ခါတစ်လေလည်း       ညိုးမိတယ် . . . . . . ။

အများကိုကျော်တက်
တောင်ပံဝံ့လို့                    ကောင်းကင်ပြာထက်
တစ်ခါတစ်ရံလည်း            ပျော်ခဲ့တယ် . . . . . . ။

နောက်ကျကျန်လို့
မာန်တွေလျော့မယ်           သူကြံတိုင်းလည်း
အဖြစ်ချေဘူး                     အံကိုတင်းလို့
အားတင်းရင်းလည်း           ပျံခဲ့တယ် . . . . . . ။

အများနဲ့ပြိုင်                       ကိုယ်မနိုင်လည်း
အများနဲ့ပြိုင်                       ကိုယ်နိုင်ရင်လည်း
ပျော်ရွှင်/၀မ်းနည်း              မရှိဘဲလျှက်
ရည်ရွယ်ချက်ဖြင့်               ရှေ့သို့သာချီ
သူပျံနေသည် . . . . . . ။

နောက်ကျလည်း               မကြောက်
ရှေ့ရောက်လည်း              မပျော်
ကောင်းကင်ပေါ်ထက်       တောင်ပံဝံ့လို့
မိုးတိမ်ထိုးဖေါက်                ရှေ့ဆက်လျှောက်မည်
ငါသည်                              အမြင့်ပျံငှက် ။ . . . . . . . ။




Monday, November 11, 2013

စက္ကူအိမ် (((( ဇင်ကဗျာ- မြိတ် )))


မောင်က
ကျမကို      အိမ်လေးတစ်လုံးဆောက်ထားပေးတယ်---------
စက္ကူအိမ်လေးပေါ့ ။

ပြီးတော့
အဲဒီအိမ်လေးမှာပဲ    နေထိုင်စေတယ် ။

စက္ကူရဲ့သဘောက
ရေစိုမယ်၊ စုတ်ပြဲမယ်၊ ပျက်စီးလွယ်တယ် ။

ကျမတို့နှစ်ယောက်
မခိုင်မာတဲ့   အိမ်လေးကို
ခိုင်မာတဲ့     
ချစ်ခြင်းမေတ္တာတွေနဲ့
တည်ဆောက်လိုက်ကြတယ် ။

ကျမတို့ရဲ့        စက္ကူအိမ်လေးဟာ
အချစ်ရဲ့ သစ္စာတရားတွေကြောင့်
ခုတော့ . . . . . . .
ကျောက်သားကျောက်စိုင်တွေထက် ခိုင်ကြည်နေတော့တယ် ။

ဇင်ကဗျာ. . . . . .

ဒို့လောက်ဘယ်သူချစ်နိုင်လဲ..... ??? ((( တေးရှင်-မြိတ် )))


မှောင်ရီစပျိုး               ညနေမျိုးဝယ်
အတူလမ်းလျှောက်      ချစ်ရည်သောက်လျှက်
ရွှန်းလဲ့မျက်လုံး            သူ့အပြုံးက
လမင်းတာရာ             စုံညီသာလို
ရင်တသိမ့်သိမ့်           ကျေနပ်လိုက်ရ။

ရင်တွင်းစကား            နှစ်ကိုယ်ကြားမျှ
တီးတိုးရေရွှတ်            တတွတ်တွတ်နဲ့
မထွက်ရဲထွက်ရဲ          ရှက်သွေးကဲလျှက်
ခေါင်းငြိမ့်ဖွင့်ဆို           သူ့အလိုကို
နှလုံးသားက              သိလိုက်ရပြီ။

အမှောင်ထဲထဲ            နှစ်ကိုယ်တွဲလျှက်
တစ်ဘ၀မှာ               ချစ်ကမ္ဘာကို
အတူတည်ဆောက်     လူလားမြောက်ခဲ့
အချစ်ကိုးစား            သန္ဓေထား၍
နှောင်ကြိုးသန္ဓေ        အတူနေမယ်
ငှက်ဖြစ်ရင်လည်း       တစ်ကိုင်းတည်းနော်
ဆင်ဖြစ်ရင်တစ်ကျွန်း   အတူယွန်းမယ်
ဒို့လောက်ဘယ်သူချစ်သလဲ ။              ။

*****************************
မြိတ်ကမ်းနား ချစ်စုံတွဲလေးကို ကြည့်ရင်း စိတ်ကူးရင်ရေးခဲ့တဲ့ ((((( တေးရှင် - မြိတ် ))))) ရဲ့
ကဗျာလေးကို အားပေးကြပါဦးနော်-----------------

ကစဥ့်ကလျား သီအိုရီ (((( ဇာမဏီ ))))


စိတ်တွေက ကစဥ့်ကလျားနဲ့
အနာဂါတ်တွေမှာ တိမ်တွေဖုံးလို့ 
ချစ်သူဆိုတာ မသေချာသေးတော့ 
လက်ကျန်ဘ၀တစ်ပိုင်းကို “ဇကာ”ချ ကြည့်ရင် 
လူပျိုကြီးလုပ်ရင် ကောင်းမှာလား............????
အိမ်ထောင်ပြုရင် ကောင်းမှာလား... ???? လို့
အတွေးပွားစရာ တပုံတပင်နှင့်
ဆုံးဖြတ်ချက်တွေ ဘက်မညီလို့
(အမယ်လေး) မဏိမေခလာရယ်..
ဖုန်းနံပါတ်လေး “မစ” ပါအုံး........။
လူပျိုကြီးဘ၀ တခဏကို
အတွေးနဲ့တင် ကြောက်ခဲ့သူက
မိန်းမပြောင်းယူ ၄င်းအတူမို့
ရဟန်းအသွင်နဲ့ တောထွက်မယ်စိတ်ကူး
တကိုယ်တည်းမို့ အားငယ်တယ်.....။
ဘ၀ပင်လယ် သံသရာဝဲက
ရုပ်နာမ်တွေ သစ္စာတွေနဲ့
သတ္တ၀ါဒုက္ခ အနန္တမို့
ပါရမီပျိုးစေ့ အထုံပါစေဖို့..
(အမယ်လေး) ကိုရင်ကြီးပဲ့..လုပ်တော့မယ်..!!!!!

ကျောင်းကပြန်ခဲ့တယ်........ ((((( စိုးသန့် -GTC )))))


ကျနော်ကျောင်းကိုမရောက်တာကြာခဲ့ပါပြီ.....................

တစ်နေ့မှာ သူငယ်တန်းတက်နေတဲ့ကျနော့်ညီလေးကိုကျောင်းကြိုဖို့အတွက်ကျောင်းကိုရောက်သွားခဲ့ပါတယ်။
ကျောင်းဆင်းဖို့နည်းနည်းလိုသေးတာကြောင့် မုန့်ဈေးတန်းဘက်ရောက်သွားခဲ့တယ်။အရင်လိုမုန့်ဆိုင်တွေဖရိုဖရဲမဟုတ်ဘူး။စည်းကမ်းတကျညီညာနေတယ်။
ကျနော်တို့ငယ်ငယ်ကအအေးရောင်းတဲ့မထွေး၊ဇလုံထဲမှာပုစွန်ခြောက်တွေဘယ်တော့မှအရာမယွင်းဘဲသင်္ဘောသီးလက်သုပ်သာကုန်အောင်ရောင်းတတ်တဲ့သန်းဖိုမှထမီဝတ်တဲ့အကိုကြီး၊
ငါးကျပ်ဖိုးဗိုက်အတင်းစားရတဲ့ပီလောပီနံပြုတ်ရောင်းတဲ့အဒေါ်ကြီးတွေမတွေ့ရတော့ပါ.....
ကျနော်မသိတဲ့ဆိုင်တွေပဲနေရာယူနေကြပါပြီ....ညီလေးအတွက်မုန့်သွားဝယ်တော့ 500တန်တစ်ရွက်လောက်ကုန်မှလူအမြင်လှတာပဲ...
သြော်....ကျနော်တို့ငယ်ငယ်က တစ်ကျပ်တန်လေးတွေကိုလွမ်းမိပါတယ်.....

ညီလေးတက်နေတဲ့အခန်းနားသွားကြည့်မိတော့...
ကလေးတွေကဗျာတွေအော်ဆိုနေကြတာကြည်နူးဖို့ကောင်းလှပါတယ်။ဆရာမကအတန်းရှေ့မှာလက်ဟန်ခြေဟန်နဲ့မမောနိုင်မပန်းနိုင်ကဗျာတွေဆိုပြနေတာတွေ့ရတယ်။
ကလေးတွေရဲ့အပြစ်ကင်းတဲ့မျက်နှာလေးတွေ ကျနော်တို့ငယ်ငယ်တုန်းကနဲ့တူပေမယ့်စာသင်ခန်းအပြင်အဆင်ကတော့လုံးဝခြားနားသွားခဲ့ပါပြီ။
ကျောက်သင်ပုန်း၊ကျောက်တံ၊မြေဖြူမတွေ့ရတော့၊whiteboard,softpen,ခဲတံတွေသာနေရာယူနေကြပါပြီ.....
ခုံတန်းတွေလည်း ကျနော်တို့ငယ်ငယ်ကလို တစ်တန်းမှာငါးယောက်၊ခြောက်ယောက်တိုးပြီးထိုင်ရတဲ့သစ်သားခုံတန်းတွေမဟုတ်တော့ဘူး..
ကိုယ်ပိုင်စားပွဲနဲ့၊ပလတ်စတစ်ခုံနဲ့..ညီလေးတို့စမတ်ကျနေလိုက်ကြတာ....
ဒီလောက်တော့ကွာမှာပေါ့ အရင်ကကျောင်းတက်တဲ့အရွယ်......
အခုတော့ကျနော်ကကျောင်းကြိုတဲ့အရွယ်လေ........
ဒါပေမယ့် အနောက်နားမှာတော့သစ်သားခုံတန်းမှာခြောက်ယောက်လောက်တိုးပြီးထိုင်နေရတဲ့ကျောင်းသားလေးတွေလည်းတွေ့လိုက်ရပါတယ်....
ဘာသဘောလဲတော့မသိပါဘူး.................
ကိုယ်ပိုင်စားပွဲ၊ကိုယ်ပိုင်ခုံနဲ့ ကလေးတွေတစ်ယောက်မကျန်စမတ်ကျနိုင်ကြပါစေဗျ......

ကျောင်းဆင်းတော့ကျနော့်ညီလေးနဲ့အိမ်ပြန်အလာလမ်းမှာ ကျနော့်သူငယ်ချင်းတစ်ယောက်နဲ့တွေ့တယ်.....
ရပ်ပြီးစကားပြောနေတာ(10)မီနစ်လောက်ကြာသွားတယ်.....အဲဒါကိုကျနော့်ညီလေးက "ကိုကြီး မြန်မြန်ပြောလေ....သားကျူရှင်တက်ရအုံးမယ်"တဲ့......
ကျနော်အံ့သြသွားတယ်....
သူငယ်တန်းနှင့်ကျူရှင်/ကျူရှင်နဲ့သူငယ်တန်း တကယ်ပဲလိုအပ်ပါသလားဗျ.......
ကျနော်ငယ်ငယ်ကတော့ သူငယ်တန်းမှအဋ္ဌမတန်းအထိကျူရှင်မနေခဲ့ပါဘူး....
ကျောင်းကဆရာ၊ဆရာမတွေရဲ့ အသင်အပြကိုယုံကြည်လို့ရဲဝံ့စွာနဲ့ပဲ ကျူရှင်မနေခဲ့တာပါ.....
ကျနော်တစ်နှစ်တစ်တန်းကျေညက်စွာပုံမှန်အောင်ခဲ့ပါတယ်ဗျ.......
အခုတော့ ညီလေးတို့ ငယ်ငယ်လေးတွေ တစ်နေကုန်ကျောင်းမှာစာသင်ရ၊ ကျောင်းဆင်းရင်ကျူရှင်ပြေးရနဲ့.....
သြော်..ကံဆိုးတာလား၊ကံကောင်းတာလား.....ညီလေးတို့ရေ......
ကျနော်....ကျောင်းကအပြန်မှာ အတွေးတွေမပြတ်တော့ပါ.....ညီလေးကတော့ကျူရှင်မှာကဗျာတွေအော်ဆို
နေလောက်ပြီ.......

အမေ့ကျေးဇူး အမေ့သြ၀ါဒ ((((( တေးရှင် -မြိတ်)))))


@@ ဒို့အမေဟာ ........... ငါတို့တတွေကို
ကလလကြည် ရေအတည်မှ
စဖြာသက်ဆင်း မိဝမ်းတွင်းဝယ်
ကိုးလ၀ယ်မှီ ဆယ်လတည်သော်
ဝမ်းမှသက်ဆင်း လူ့ပြေတွင်းသို့
ဖ၀ါးလက်နှစ်လုံး ပခုံးလက်နှစ်သက်
အူဝဲငိုစ ကလေးဘ၀မှ
နို့ချိုတိုက်ကျွေး ၀ါးဖတ်ကျွေးဖြင့်
မှက်၊ခြင်မသန်း ဘေးဘယမ်းတို့
ကင်းစင်ကွာအောင် တာဝန်ယူတာ ဒို့အမေပါ။

@@ ဒို့အမေဟာ .......... ငါတို့တတွေကို
ပုဗ္ဗာစရိယ မိနှင့်ဖမို့
အရွယ်သို့ရောက် လူလားမြောက်သော်
တာဝန်အပြည့် တကယ်သိ၍
အရိပ်တကြည့်ကြည့် စောင့်ကြပ်ကြည့်လျှက်
မကောင်းမြစ်တား ကောင်းညွှန်ကြားကာ
အကြောင်းအကျိုး အသိတိုးအောင်
ဆုံးမတတ်တာ ဒို့အမေပါ။

@@ ဒို့အမေဟာ ..............ငါတို့တတွေကို
အပေါင်းအသင်း မခုန်လျင်းနဲ့
အပေါင်းသင်းကြောင့် ကိုယ့်ဂုဏ်ပျောက်၍
အပေါင်းသင်းကြောင့် ဂုဏ်လည်းမြောက်၏
ဂုဏ်မြောက်၊မမြောက် ချင့်ချိန်ထောက်၍
ပေါင်းသင်းစေတာ ဒို့အမေပါ။

@@ ဒို့အမေဟာ .......... ငါတို့တတွေကို
ချစ်သားလူလေး ဒို့ရဲ့သွေးဟာ
အကျင့်မြတ်၍ တရားမွေ့သူ
ဤကားကုသိုလ် အကုသိုလ်ဟု
ခွဲခြမ်းစိတ်ဖြာ ဝေခွဲလာသူ
အမေ့ချစ်သား...............
အမှားအမှန် ခွဲဝေဖန်လျှက်
အမှားကိုပစ် အမှန်စွက်၍
တရားလမ်းစဉ် အမြဲပင်လျှင်
ခါးဝတ်ပုဆိုး သူ့ပုံမျိုးလို
အမြဲကျင့်သုံး နေ့စဉ်သုံးဟု
ဆုံးမတတ်တာ ဒို့အမေပါ။
အမေ့ကျေးဇူး များလှပြီ................။


တို့ပြေ တို့ရွာ တို့မြန်မာ (((( ရဲတခွန်-မြိတ်))))


တို့ပြေ တို့ရွာ      တို့မြန်မာကား
စိုပြေလန်းဆန်း   ရေစိမ့်စမ်းနှင့်
တောအထပ်ထပ် တောင်အထပ်ထပ်ဖြင့်
သာမောဘွယ်ရာ  တို့မြန်မာတည်း။

တို့ပြေ တို့ရွာ         တို့မြန်မာကား
သယံဇာတ           တတိုင်းရ၍
ရေအောက်မြေပေါ် တောင်ပေါ်တောက်အောက်
မက်လောက်စရာ    တို့မြန်မာတည်း။

တို့ပြေ တို့ရွာ      တို့မြန်မာကား
ဆန်ရေစပါး       ပေါလှိုင်များ၍
သားငါးစုံလင်    ပုလဲဘုရင်နှင့်
စိန်၊ ရွှေများတာ တို့မြန်မာတည်း။

တို့ပြေ တို့ရွာ    တို့မြန်မာကား
ရာသီဥတု       သူမတုနှင့်
သုံးရပ်ရာသီ   စိန်မြမည်သို့
နေချင်စရာ      တို့မြန်မာတည်း။

တို့ပြေ တို့ရွာ      တို့မြန်မာကား
ဘာသာအရောင် ထွန်းလင်းပြောင်၍
ထေရ၀ါဒ          ရှေ့ဆောင်ပြကာ
မညိုးသာသနာ    တို့မြန်မာတည်း။

တို့ပြေ တို့ရွာ   တို့မြန်မာကား
ပိဋကတ်တတ် သံဃာမြတ်နှင့်
စေတီပထို      ပေးလှိုင်ဖြိုး၍
ကြည်ညိုစရာ  တို့မြန်မာတည်း။
မြန်မာ့ရိုးရာ     ထိန်းသိမ်းပါ..............။


@@@@@@@@@@@@@@@@@@@@@@@@@@
beautifulwordsofmyeik@gmail.com သို့ မြိတ်သူ/သား စာပေ၀ါသနာရှင်
များ၏ သုတ/ရသ စာပေများကို ပေးပို့နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါ
သည်။ (((( ပေးပို့လာသော ကဗျာစာပေများသည် ကိုယ်တိုင်ရေးသား ထားခြင်းဖြစ်ရပါမည်။ ))))

အနေထိုင်မတတ်သော နုလုံးသား (((( ဇာမဏီ )))


မိုးသည်းရင် ၀မ်းနည်းသလိုလိုပဲ့
ဝမ်းနည်းဆို အလွမ်းတွေက
မှောင်မည်းနေတာကိုး................

အထီးကျန်နေတာ မဟုတ်ပါပဲ
စိတ်နဲ့ကိုယ် အစေးမကပ်တော့တာက
မင်းထားသွားတဲ့ နေ့ကစလို့ပေါ့........

ငါ့အတွက်မဟုတ်တော့တဲ့
မင်းအပြုံးတွေနဲ့
ငါ့ကြောင့်မဟုတ်တဲ့ မင်းအပျော်တွေ(အားလုံး)
ငါ မုဒိတာ ပွားနိုင်ပါတယ်...........................

ငါ ၀န်ခံပါတယ်
အများအမြင်ပကတိနဲ့ အတွင်းကလှိုက်စားနေတဲ့
ဒါဏ်ရာတွေရဲ့ ကိုက်ခဲမှုကို
ဥပက္ခာ မပြုနိုင်တာတော့
ငါ ညံ့ခဲ့တာပါ.................................................။

By ဇာမဏီ
^^^^^^^^^^^^^^^^^^
ကျွန်တော်သူငယ်ချင်း ကိုဝဏ္ဏစိုးရဲ့ မော်ဒန်ကဗျာလေးကို အားပေးရင်း
အလွမ်းတွေ/ ၀မ်းနည်းမှုတွေကို ခံစားပေးကြပါဦး------------

ငြိမ်းချမ်းရေး ((( ရဲတခွန်- မြိတ်))) 31.12.2013

ငြိမ်းချမ်းရေးဆိုတာ------
အိမ်တွင်းအိမ်ပ ၀န်းကျင်လှဖို့
ပြည်တွင်းပြည်ပ ပေးယူမျှဖို့
အပြုံးစစ မာန်တွေချဖို့
လက်နက်ခဲယမ်း တယ်မကြမ်းဖို့
ဗုံးဆံလက်နက် ချိုးချေဖျက်ဖို့
အာဏာကိုသုံး ငွေနဲ့မဖုံးဖို့
ကြီးနိုင်ငယ်ညှင်း မာန်မတင်းဖို့
မာန်ထန်အပြင်း ခံမငြင်းဖို့
အမှန်ထွက်ဆို တရားမပြိုဖို့
ပေါ်မှအောက်ထိ မျှအောင်ကြည့်ဖို့
ဗြဟ္မာစိုလေး မျှအောင်ပေးဖို့
မင်းလည်းမင်းကျင့် ပြည်သူကျင့်ဖို့
ပထ၀ီမှာ သွေးမဖြာဖို့
ပထ၀ီအား အများခိုနားဖို့
ပင်လင်ချောင်းမြောင်း သွေးရောင်မပြောင်းဖို့
ပင်လယ်မြစ်ဖျား အများအားထားဖို့
လက်ဝါးကြီးအုပ် ရန်မလုပ်ဖို့
အများပြည်သူ စိတ်ကြည်ဖြူဖို့
ရန်ငြိုးရန်စ ချေမှုန်းကြဖို့
အမုန်းမဖက် အပြုံးဆက်ဖို့
သတ်ဖြတ်ညှင်းဆဲ စစ်မနွဲဖို့
အချင်းချင်းကူးလူး မေတ္တာပူးဖို့
တစ်ဦးကိုတစ်ဦး ချစ်ရည်လူးဖို့
ကိုယ့်ရဲ့ရန်ဘက် မိတ်ဆွေဖြစ်ဖို့
မိတ်ဆွေစကား ခါခါကြားဖို့
အောင်လမ်းကိုထွင် အောင်လံတင်ဖို့
ငြိမ်းချမ်းရေးတွက် ခရီးဆက်လို့---
နေမ၀င်ခင် အပြီးနှင်စို့
အလင်းရောင်မပျောက်ခင်ပေါ့---------------
********************************
2011 ခုနှစ်၊ဒီဇင်ဘာလ (31) ရက်နေ့၊မြိတ်မြို့၊မြိတ်တောင်နယ်မြေ၊အောင်မင်္ဂလာစာကြည့်တိုက်တွင် ပြုလုပ်သည့် စာပေလှုပ်ရှားမှုကဗျာရွတ်ပွဲတွင် ကဗျာဝါသနာရှင်(((( ရဲတံခွန်(မြိတ်)))) ဖတ်ကြားခဲ့သော ကဗျာလေးဖြစ်ပါတယ်ခဗျာင်္း--------
******************************
ကျွန်တော့်ကို မေတ္တာလက်ဆောင်ပေးခဲ့တဲ့ ကဗျာလေးကို ခွင့်ပြုချက်တောင်းပြီး ပြန်တင်လိုက်ခြင်းဖြစ်ပါတယ်----------------
((မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ------------------
ကမ္ဘာကြီးလည်း ငြိမ်းချမ်းပါစေလို့
တောင်းဆုပြုလိုက်ပါတယ်---------------))



ဟိုတစ်ချိန်က တို့ကျောင်းတော်(((( မိုးငယ် )))))

ဓနိအမိုးလေးနဲ့ ပျဉ်လေးကာ
ငါတို့ ကျောင်းတော်မှာ-----------
တစ်ခန်းနှင့်တစ်ခန်းကြား ၀ါးထရံခြား
မူလတန်းရဲ့ ကျောင်းခန်းများ----------
ကျောင်းခေါင်မိုးပေါ် အုပ်လို့နေ
သရက်ပင်ကြီး ကြီးလှပေ-----------
ပန်းတွေ၊အသီးတွေ ဝေေ၀ဆာ
ဒါပေမယ့်လည်း အပေါ်မှာသာ---------
လက်လှမ်းမှီသော အသီးလေးများ
တို့ကျောင်းသားများ ကောက်လို့စား--------
ငါတို့အတန်းရဲ့ မနီးမဝေးမှာ
ရေပူအိုးကြီး အကြီးကြီးပါ----------
ပွတ်ပွတ်ဆူတဲ့ ရေနွေးမှာ
ရောဂါပိုးတွေ မရှိပါ----------
တို့ကျောင်းသားတွေ ၀ိုင်းကာသောက်
လျှာပူလောင်လည်း တို့မကြောက်-----------
တို့ကျန်းမာရေး ဂရုစိုက်ပေး
တို့ငယ်စဉ်က ကျောင်းအုပ်လေး------------
အမှတ်တရများစွာ ရင်ထဲမှာ
မမေ့သေးတဲ့ ပုံရိပ်လွှာ
တို့ငယ်စဉ်က ကျောင်းတော်ပါ-----------
အခုတော့-------------
((((( မိုးငယ်)))) ကန်ဘောင်ရိုး
မြိတ်၊ အထက(၂) ကျောင်းသူဟောင်းတစ်ဦးရဲ့ ငယ်စဉ်ကလက်ရာလေးပါ---------
(ငယ်မှုလေးမို့ မပြောင်းလဲဘဲ ဟိုတစ်ချိန်က ကဗျာလေးအတိုင်း ပြန်တင်ပေးလိုက်ပါ)

ကြာလည်း မမေ့တဲ့ရွာ ((( စိုးသန့်- GTC )))


တောရွာလေးတစ်ရွာပေါ့ကွယ်.....
ရွာအ၀င်မှာ အရိပ်ကောင်းကောင်းပေးနိုင်တဲ့ညောင်ပင်ကြီးရယ်..ညောင်ပင်အောက်မှာ ရေအိုးစင်လေးရယ်ပုလွေတစ်လက်နဲ့နွားကျောင်းသားလေးတစ်ယောက်ရယ်...ရှိနေရမပေါ့......

နောက်ပြီး....
ရှေးဟောင်းလက်ရာသစ်လုံးကြီးတွေနဲ့ဆောက်ထားတဲ့ရွာဦးကျောင်းရယ်.....
ကွမ်းအရမ်းစားတဲ့သီလဖြူစင်တဲ့တောဘုန်းကြီးကျောင်းထိုင်အိုကြီးတစ်ပါးရယ်.....
ကစားလည်းမက်၊ဘုရားစာတွေလည်းကျက်ရတဲ့ကိုရင်လေးတွေရယ်...
ဂျာရစ်ဝိုင်းလေးနဲ့ဘုန်းကြီးကျောင်းသားလေးတွေလည်းရှိရမပေါ့လေ........

နောက်ပြီး...
ရွာလယ်မြေနီလမ်းလေးရယ်...
ဝါးထရံကာခြံဝင်းလေးတွေနဲ့ဓနိမိုးပျဥိထောင်အိမ်လေးတွေရယ်....
နွားတင်းကုပ်လေးတွေ၊စပါးကျီလေးတွေရယ်...
တစ်ရွာလုံးချစ်ရတဲ့သူကြီးနဲ့တစ်ရွာလုံးကြောက်ရတဲ့ထိပ်တုံးလည်းရှိရမပေါ့.....
နေထက်လင်းတို့လို၊သီဟတင်စိုးတို့လိုတစ်ရွာလုံးအားကိုးရမယ့်ကာလသားခေါင်းဆောင်တွေ
လည်းရှိရမပေါ့ကွယ်.....

နောက်ပြီး....
လယ်ကွင်းတွေ၊စိုက်ခင်းတွေရယ်.....
ရွာလည်းမှာလည်းရေကန်ကြီးတစ်ကန်ရှိရမပေါ့....
လယ်ကွင်းတွေထဲကမြန်မာပီပီလူညိုချောကြီးတွေရယ်......
ထမင်းတောင်းလာပို့တဲ့သနပ်ခါးပါးကွက်ကျားနဲ့အိမ်သူသက်ထားလေးတွေ
လည်းရှိရမပေါ့......
ရွာလယ်ရေကန်မှာရေခပ်ဆင်းကြတဲ့အပျိုချောလေးတွေနဲ့
ရေကန်ဘေးကကာလသားခြင်းဝိုင်းလေးပါရှိနေရမယ်လေ........

နောက်ပြီး.....
ညအခါမျိုးဆို
ဗွီဒီယိုရုံယဉ်ကျေးမှုလေးလည်းရှိရမယ်လေ.....
ကွမ်းတောင်ကိုင်လှပျိုဖြူလေးတွေကဗွီဒီယိုလာကြည့်.....
ကာလသားလေးတွေကမရဲတရဲပိုးပန်းကြပေါ့ကွယ်....
တစ်ခါတစ်လေရွာကိုဇာတ်ပွဲလာတဲ့အခါမျိုးဆို......
လယ်ကွင်းထဲမှာ မြေသင်းနံ့လေးသင်းသင်းနဲ့ဆောင်းရဲ့အအေးဓါတ်လေးတွေအံတုရင်း...
အနွေးထည်လေးတွေနဲ့ရှိုးထုတ်ကြတဲ့ရွာသားတွေလည်းရှိရမပေါ့......
အဲလိုဇာတ်ပွဲမျိုးလာရင်
ပွဲဈေးတန်းမှာရောင်းတဲ့ခေါက်ဆွဲကြော်ဆိုရင်သိပ်စားကောင်းတာ...
အကြော်ဆရာရဲ့ရှေ့မှာချိတ်ထားတဲ့ဝက်အူချောင်းတို့၊၀က်သားတို့ဆိုရင်နီရဲလို့ပေါ့.......
ငါးကျပ်၊တစ်ဆယ်ထိုးလို့ရတဲ့ဂလုန်းဂလုန်းလို့ခေါ်တဲ့
အံဂဠုန်လည်းပါရအုံးမပေါ့လေ.......

နောက်ပြီး.....
ဓနိမိုး၊ယိုင်ကာ ယိုင်နဲ့နဲ့စာသင်ကျောင်းလေးတစ်ကျောင်းရယ်.....
အဲဒီကျောင်းထဲမှာ
မြို့ကလာတဲ့ သူ့ဘ၀တစ်ခုလုံးဒီကျောင်းအတွက်မြှုပ်နှံထားတဲ့
တစ်ရွာလုံးကချစ်ပြီးအားကိုးရတဲ့ကျောင်းဆရာလေးတစ်ယောက်ရယ်....
အဖြူအစိမ်းမစုံ၊ခဲတံမစုံ၊စာအုပ်မစုံတဲ့ကျောင်းသားလေးတွေလည်းရှိပါရဲ့......
ရယ်စရာတော့မထင်လိုက်ပါနဲ့.......
ဒီလိုရွာမျိုးတကယ်ရှိခဲ့တာပါ.....
ဟိုးအရင်ကပေါ့လေ........
ကျောင်းဆရာလေးကအခုထိရှိနေတုန်း.....
ဒီလိုစိတ်ကူးယဉ်နေတုန်း....
နောက်ပြီး......
သေဆုံးသွားပြီဖြစ်တဲ့ ဒီရွာလေးကို.....လွမ်းနေတုန်း..........။ ။

By Soe Thant

((((မြိတ်၊ GTC ကျောင်းသားဟောင်း ကိုစိုးသန့်ရဲ့လက်ရာလေးပါ)))))
-----------------------------------
ပိုင်ရှင်ကို ခွင့်မတောင်းတော့ပါဘူး၊ခွင့်ပြုမယ်လို့ ထင်ပါတယ်----
ကျွန်တော်တို့Page ရဲ့ ပထမဆုံး ကဗျာလေးကို ကျွန်တော်ကျောင်းသား
ဘ၀ကတည်းက လေးစားရတဲ့ အစ်ကိုကြီး ကိုစိုးသန့်ရဲ့ ကဗျာလေးနဲ့ နှုတ်ခွန်းဆက်လိုက်ပါတယ်ခဗျာင်္း---------------

ဘလော့ဂ် ပြုလုပ်ရန် စတင်စိတ်ကူးပေါ်လာခြင်း

2013 ခုနှစ်ထုတ် မြိတ်မဂ္ဂဇင်းကို ဖတ်ရတော့ မြိတ်မြို့က ကဗျာလေးတွေ၊
စာလေးတွေ ဖတ်ရတော့ ရင်ထဲ ပီတိဖြစ်ရပါတယ်။ ဒါပေမယ့် စာတွေကနဲနဲ၊
ဟိုလူတွေ ပုံကများများဖြစ်နေတော့ စိတ်ထဲဘ၀င်မကျဖြစ်ရပါတယ်။ အဲဒါနဲ့
ကျွန်တော်တို့ မြိတ်မြို့က စာပေပညာရှင်တွေရဲ့ လက်သံလေးတွေကို စုစည်း
တင်ပြသွားဖို့နှင့် အခါအားလျော်စွာ Subject များရွေးချယ်၍ ယှဉ်ပြိုင်မှုလေး
တွေလုပ်ကြမယ်လို့ စိတ်ကူးလေးပေါ်လာခဲ့ပါတယ်။ ဒီနေ့တော့ အဲဒီစိတ်ကူး
လေးကို စတင်အကောင်အထည်ဖေါ်နေပါပြီ။ မြိတ်မြို့သူ/သား အပေါင်း
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသားကြပါစေလို့ ဆုမွန်ကောင်းများ တောင်း
လိုက်ပါတယ် ခဗ်ာၤး-------------

By Kyaw Zay Yar (Myeik)