ဘိတ်သူ/သားတွေရဲ့ ရင်တွင်းဖြစ်တွေ....

Monday, November 18, 2013

နားလည်ပါပြီ အမေ ((( ရှင်သွေးငယ်-မြိတ် )))



အမေ . . .
အမေ့ရဲ့နို့ရည်တစ်စက်နှင့်
သားလူ့ဘ၀ လူအဖြစ်ကို ရခဲ့ပေမဲ့
အမေ့ရဲ့ရင်ခွင်အေးရိပ်မှာ
မှေးအိမ်မယ် ကြံရွယ်နေတုန်း
လွန်ဆန်ဟန့်တားလို့မရတဲ့
လောကသင်္ခါရတရားတွေက
မေနှင့်သားကို
တစ်နေရာ တစ်ဘ၀ဆီသို့
ထာဝရခွဲခွာသွားခဲ့ပြီ အမေ။

တောင်းပန်ကျေအေးလို့မရတဲ့
သားရဲ့အတိတ်ဘ၀ ၀ဋ်ကြွေးတွေက
ယခုဘ၀ ခဏလေးတောင်
အမေနှင့် သားကို
ဆုံစည်းခွင့် မပေးတော့ဘူး အမေ။

ဖြူစင်အေးမြလှတဲ့
အမေ့ရဲ့မေတ္တာတရားကို
ရင်ခွင်မဲ့သားဘ၀နှင့်
မျှော်လင့်စောင့်စားရင်း
နောင်သံသရာဘ၀အဆက်ဆက်
အမေနှင့်သားအတူ ဆံစည်းခွင့်ကို
သားတို့ယုံကြည်ကိုးကွယ်တဲ့
မြိတ်မြို့နယ် စန္ဒ၀တ်ရွာလယ်က
စန္ဒ၀တ်အနောက်ကျောင်း
ထုံးဖြူဖြူ စေတီဟောင်းလေးမှာ
ဦးခိုက်ကာ ဆုတောင်းရင်း
မခေါ်ဘဲလာ မနှင်ဘဲ သွားတတ်တဲ့
လောကဓမ္မတရားတွေကို
အသိဥာဏ်နှင့် ပံ့ပိုးနားလည်ကာ
သားမျက်ဝန်းက မျက်ရည်မိုးတွေကို
လူသားတိုင်း ကြုံမယ့်လောကဓံဆိုးတွေပဲလို့
နားလည်ရင်း ဖြေသိမ့်ပြီး
ကျွန်တော် မငိုတော့ဘူး
နားလည်ပါပြီ အမေ . . . . . . ။          ။

**********************************
(((((( ၂၀၁၃ ခုနှစ်ထုတ်၊ အမှတ် (၃၂) မြိတ်မဂ္ဂဇင်း မှ ကူးယူဖေါ်ပြသည်။ )))))

No comments:

Post a Comment